မြန်မာနိုင်ငံသည် ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုကြသူ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် ကျူးလွန်သည်ဟူသော စွပ်စွဲချက်များ အတွက် အပြည့်အ၀ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ကြာသပတေးနေ့တွင် အတည်ပြုခဲ့သည်။
ထို လူနည်းစု မွတ်စလင်များကို မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ် သွေးထွက်သံယိုများသော စစ်ရေးဖြိုခွင်းမှု အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်နှင့် အရေးယူရန် တောင်းဆိုမှုကို တရားသူကြီးများက ထောက်ခံခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနားက တရားစွဲဆိုမှုတွင် အမည်ဖော်ပြပြီး တပတ်အကြာတွင် ICC က အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံး ICJ တွင်လည်း လူမျိုးတုန်းသတ်ဖြတ်မှုအတွက် သီးခြားရင်ဆိုင်ရသည်။
ထိုသို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားပေး စွပ်စွဲ ဆောင်ရွက်လာမှုများသည် သမာသမတ် မရှိတော့သလို ဘက် ၂ ဘက် အမြင်ကိုလည်း ထည့်သွင်းစဉ်းစားမှု မရှိတော့သည်ကို တွေ့ရကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
စွပ်စွဲထားသော ရာဇဝတ်မှုများအတွက် မြန်မာနှင့်ပတ်သက်သော ICC ၏ စီရင်ခွင့်အတွင်း စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ကိုင်ရန် တရားလို ရှေ့နေများကို ICC က ခွင့်ပြုခဲ့သည်။
ထိုစွပ်စွဲချက်များတွင် စနစ်တကျ အကြမ်းဖက်မှုကျူးလွန်ခြင်း၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအဖြစ် နိုင်ငံမှမောင်းထုတ်ခြင်း၊ ရိုဟင်ဂျာများကို လူမျိုးဘာသာ အခြေခံဖြင့် ညှဉ်းပမ်းနှိပ်စက်ခြင်းတို့ ပါဝင်သည်ဟု ICC က ဆိုသည်။
လူမျိုးစုသုတ်သင်သည် သို့မဟုတ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်သည်ဟူသော စွပ်စွဲချက်များကို မြန်မာနိုင်ငံက ကာလကြာရှည်စွာ ငြင်းပယ်ခဲ့သည်။
မြန်မာနိုင်ငံသည် ICC တွင် လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်မဟုတ်သော်လည်း ရိုဟင်ဂျာများ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်သည် အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင်း၊ ထိုရာဇဝတ်မှုများကို စီရင်ခွင့်ရှိကြောင်း ICC က လွန်ခဲ့သောနှစ်တွင် ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ပဏာမ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ICC ရှေ့နေချုပ် ဖက်တူ ဘန်ဆောင်ဒါကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက ခွင့်ပြုခဲ့ပြီး သူက အပြည့်အ၀ စုံစမ်းစစ်ဆေးမှုလုပ်ရန် ယခုနှစ် ဇူလိုင်လက လျှောက်ထားခဲ့သည်။
အနောက်အာဖရိကမှ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံသည် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲပြီး သဟိဂ်အခြေစိုက် ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော ICJ တွင်လည်း အမှုဖွင့်လိုက်သည်။
အဖွဲ့ဝင် ၅၇ နိုင်ငံပါသော အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာက စွဲဆိုသော ထိုအမှုအတွက် ပထမအကြိမ်ကြားနာမှုကို ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်သည်။
ICJ သည် ပုံမှန်အားဖြင့် နိုင်ငံများအကြား ဥပဒေ အငြင်းပွားမှုနှင့် နယ်စပ်အငြင်းပွားမှု ပြဿနာများကို ကိုင်တွယ်လေ့ရှိသော်လည်း မကြာသေးမီက စတင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်များ ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်လာသည်။
တဖက်က ICC တွင်မူ အမှုသည် လူပုဂ္ဂိုလ်တဦးခြင်းအပေါ် အာရုံစိုက်ပြီး နိုင်ငံတာဝန် ဝတ္တရားအပေါ် အခြေမစိုက်ဘဲ သဘောတရားအရ ဆိုပါက မြန်မာဗိုလ်ချုပ်ကြီးများအတွက် ဖမ်းဝရမ်းထုတ်ခြင်းသို့ ဦးတည်နိုင်သည်။
အလားတူ စွပ်စွဲမှုများအတွက် အာဂျင်တီးနား နိုင်ငံတွင် ဗုဒ္ဓဟူးနေ့က စွဲဆိုသောအမှုမှ မြန်မာအရာရှိများ၏ အမည်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဖော်ပြထားပြီး ထိုအမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားသော ပထမဆုံးအမှုဖြစ်လာသည်။
ရိုဟင်ဂျာနှင့် လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့များက နိုင်ငံအများအပြား၏ ဥပဒေပါ အယူအဆရှိသော အကြွင်းမဲ့တရားစီရင်ခွင့် အယူအဆအရ ထိုအမှုကို အာဂျင်တီးနားနိုင်ငံတွင် ဖွင့်ခဲ့သည်။
စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အရပ်ဖက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်ဖက်အရပ်ဖက် ခေါင်းဆောင်များကို ရိုဟင်ဂျာများ ရင်ဆိုင်ရသည့် လူသားရပ်တည်မှုကို ခြိမ်းခြောက်ခံရခြင်းအတွက် တရားဥပဒေကို ရင်ဆိုင်ရန် ထိုအမှုက တောင်းဆိုသည်။
အာဂျင်တီးနားတရားရုံးသည် စပိန်အာဏာရှင် ဖရန်စစ်စကို ဖရန်ကိုနှင့် တရုတ်မှ ဖာလန်ဂေါင်စသည့် အခြား အကြွင်းမဲ့ စီရင်ခွင့် အမှုများကိုလည်း ကိုင်တွယ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားသော စစ်ရေးဖြိုခွင်းမှုကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် လွန်ခဲ့သောနှစ်က သတ်မှတ်ခဲ့ပြီး ထိုအမှုကို ICC သို့လွှဲပေးရန် လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့သည်။
သို့သော် ICC သည် ၎င်း၏ အစီအစဉ်ဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်သောကြောင့် ထိုသို့လုပ်ရန် မလိုတော့ပေ။
You May Also Like These Stories :
ရခိုင်အရေး နိုင်ငံတကာ ဖိအားများ “သမာသမတ် မရှိ”ဟု တပ်မတော် ပြော
ရိုဟင်ဂျာအရေး တာဝန်ရှောင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန် ရှိမရှိ အကဲဖြတ်ရန် ကုလသမဂ္ဂ တောင်းဆို
The post မြန်မာကို စစ်ဆေးရန် ICC အတည်ပြု appeared first on ဧရာဝတီ.